အလှူဒါန ပြုကြရာဝယ်
မြန်မာဗုဒ္ဓဘာသာ အတော်များများသည် အလှူဒါန ပြုရသည်ကို နှစ်သက်မြတ်နိုးတတ်ကြ၏။ ရှိလျှ င် လှူမည်ဟူသော စိတ်သည်လည်း လူတိုင်းနီးပါး ရှိနေကြသကဲ့သို့ စည်းပွားဥစ္စာ ရှာဖွေကြသည့် ရည်ရွယ် ချက်များတွင်လည်း လှူနိုင်တမ်းနိုင် ပေးကမ်းထောက်ပံ့နိုင်ရန် ဟူသည့် ရည်ရွယ်ချက်လည်း တစ်ခုအပါ အဝင် ဖြစ်၏။ “မရှိလို့မလှူ မလှူလို့ မရှိ”ဟူသော အလှူခံပုဂ္ဂိုလ်များ၏ စကားများကိုလည်း မကြာခဏ ကြားနေရသဖြင့် “ရှိရင်လှူမည်၊ မရှိ ရှိတာလှူမည်” ဟူသော အတွေးများက အလှူပေးပုဂ္ဂိုလ်များကို
အလှူအားတွေ ဖြစ်နေတတ်ပေ၏။ သို့သော် အတော်များများသည် အလှူဒါနပြုရသည်ကို ပျော်ကြသော် လည်း ထိုအလှူဒါန၏ နောက်ကွယ်တွင် မျှော်ကြသည့် အရာများကလည်း ရှိနေတတ်ကြသဖြင့် လှူ
သလောက် ခရီးမပေါက်ကြသည်များလည်း ရှိတတ်ကြပေ၏။ မည်သို့မည်ပုံ လှူရမည်ကို အလေးမထား မိဘဲ “ဘယ်လောက်လှူနိုင်တယ်၊ ဘယ်လိုလှူနိုင်တယ်၊ ဘယ်မှာလှူနိုင်တယ်” စသည်ဖြင့် အလှူ၏
နောက်ကွယ်တွင် ဖြစ်ပေါ်တတ်သည့် ထင်ပေါ်မှုများ၊ ဂုဏ်ယူမှုများ၊ ချီးကျူးမှုများ၊ ကြွားဝါမှုများတွင်သာ အလေးထားတတ်သည်များ ရှိနေသဖြင့် လှူသလိုမဖြစ်ဘဲ ယူသလို ဖြစ်နေတတ်ကြသည်များလည်း ရှိ တတ်ကြ၏။ တဏှာမပယ်ဘဲ တဏှာဝယ်သလို ဖြစ်တတ်သည်များလည်း ရှိတတ်ကြပေ၏။
စင်စစ် အလှူဒါန ပြုကြသည့်အခါ လှူသမျှ အကျိုးရရန်နှင့် မှန်ကန်သည့်အလှူ ဖြစ်ရန် အရေးကြီးလှပေ ၏။ မိမိအလှူသည် အလှူခံပုဂ္ဂိုလ်အတွက်လည်း အကျိုးရှိ၊ သူတပါးကိုလည်း မထိခိုက်သည့် အလှူဖြစ် ရန် လိုသကဲ့သို့ မိမိကိုယ်တိုင်လည်း စစ်မှန်သည့် စေတနာ သဒ္ဓါတရားဖြင့် လှူတတ်ရန်လည်း အထူး
လိုအပ်လှပေ၏။ အလှူဒါနဟူသည် ပေးကမ်းခြင်းဟု အဓိပ္ပါယ်ရသော်လည်း မှန်ကန်သည့်အရာ၊ လိုအပ် သည့်အရာ၊ အပြစ်မရှိသည့် အရာများကို ပေးလှူတတ်မှသာ အလှူဒါနမြောက်နိုင်ပေ၏။
မပေးလှူသင့်သည့်အရာ၊ မပေးလှူအပ်သည့် အရာများကို ပေးလှူမိပါက အလှူဒါနမမြောက်သည့်အပြင် စစ်မှန်သည့် ဒါနမဟုတ်ဘဲ ဒါနအတုသာ ဖြစ်နေတတ်ပေ၏။
ဗုဒ္ဓစာပေတွင် မလှူသင့်သည့် အလှူဒါန သို့မဟုတ် ဒါနအတုခေါ် ဒါနမမည်သော အရာငါးမျိုးရှိကြောင်း ဖော်ပြထား၏။ ထိုငါးမျိုးမှာ
၁။ သေရည်သေရက် ဘိန်းစသည့် မူးယဇ်ဆေးဝါးများကို ပေးလှူခြင်း မဇ္ဇဒါန ၂။ ကပွဲသဘင်ကျင်းပပေးခြင်း သမဇ္ဇဒါန
၃။ မေထုန်အလို့ငှါ မိန်းမများကို ပေးလှူပေးခြင်း ဣတ္ထိဒါန ၄။ နွားမတို့အလယ်သို့ နွားထီးကို လွှတ်ပေးခြင်း ဥသဘဒါန နှင့်
၅။ ရာဂကို လှုံဆော်ပေးတတ်သည့် ပန်းချီးပန်းပုစသည်တို့ကို ပေးလှူခြင်း စိတ္တကမ္မဒါန ဟူသော ဤငါးမျိုးပင် ဖြစ်၏။ (ဝိ၊ ၅၊ ပါ၊ ၂၃၁) ဤဒါန အမျိုးအစား ငါးမျိုးတို့သည် ပေးကမ်းလှူဒါန်းခြင်းဖြင့်
ဒါနမမြောက်သကဲ့သို့ အလှူခံ ပုဂ္ဂို လ်များအားလည်း ကိလေသာကာမနှင့် အကုသိုလ်တရားသာ တိုးပွား စေသဖြင့် ကုသိုလ်မဖြစ်ဘဲ အကုသိုလ်ကသိုာ ဖြစ်စေတတ်ပေ၏။ ထို့ကြောင့် စစ်မှန်သည့် အလှူဒါနကို
ပြုလုပ်လိုသူများသည် အထက်ပါ ဒါနအတု ငါးမျိုးကိုလည်း ရှောင်ရှားကြရန်လိုအပ်ကြောင်း ဆိုခြင်းဖြစ်ပါ ၏။ တစ်ခါက လူငယ်အချို့၏ ပြောဆိုသံကို ကြားခဲ့ဖူး၏။ သူတို့ထဲမှ တစ်ယောက်က မိမိ၏ မွေးနေ့အထိမ်း အမှတ်အဖြစ် အရက်ဆိုင်တွင် အရက်ဒကာခံမည့်အကြောင်း၊ နိုက်ကလပ်တွင် ဒကာခံမည့်အကြောင်း ပြောဆိုသည်ကို အခြား သူငယ်ချင်းများကလည်း သာဓုပါဗျာဟု ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်သံကို
လည်း ကြားခဲ့ရ၏။ ကြားရသည်မှာ စိတ်မကောင်းဖြစ်ရသကဲ့သို့ သာဓုကို အလွဲသုံးစား ခေါ်နေကြပါလား ဟုလည်း တွေးကာ မသိမှုများ များလာကြသည့် ယနေ့ခေတ် လူငယ်အချို့အတွက် အားမလို အားမရ ဖြစ်ခဲ့ရ၏။ စင်စစ် ထိုမွေးနေ့ရှင် ဒကာလေးပြောသကဲ့သို့ မွေးနေ့မှာ အရက်ဒကာခံခြင်းသည် အလှူ မမြောက်သည့်အပြင် ကုသလိုလည်း ရမည်မဟုတ်ပေ။ ဒါနအတုခေါ် မလှူကောင်းသည့် အလှူကို
လှူခြင်း ဖြစ်သဖြင့် ငွေသာကုန်ပြီး အကျိုးမရှိသည့် အလှူမျိုးသာ ဖြစ်နေပေ၏။ ကုသိုလ်မရလျှင် တော် သေး၏။ အကုသိုလ်ပါ ရလိုက်ခြင်းကား မကောင်းသည့် တန်ပြန်သက်ရောက်မှုအထိ ဖြစ်ပေါ်စေနိုင်ပေ
၏။ အရက်နောက်တွင် ပါလာသည့် အကုသိုလ်များ၊ နိုက်ကလာပ်တွင် ရလာသည့် ကိလေသာများကား ဒါနအတုကို အလှူပြုခဲ့မှု၏ လက်တွေ့အပြစ်များပင် ဖြစ်နေပြီး ထိုအပြစ်များဖြင့် ဘဝအဆုံး သတ်သွား
လျင်ကား အပါယ်အထိပင် လားစေနိုင်ပေ၏။ ထို့ကြောင့် အရာရာတွင် ဒကာခံလိုသူများ သတိပြုရမည်မှာ လှူတိုင်းဒါနမဖြစ်သည့် အလှူများကို စေတနာကောင်းကောင်းဖြင့် မလှူမိကြရန် ဖြစ်ပါ၏။ အလှူဒါနပြုရာတွင် အထက်ပါ ဒါနအတုမျိုးကို မလှူမိကြရန် သတိပြုသင့်သကဲ့သို့ အခြားအခြားသော
အပြစ်ကင်းသည့် အလှူများကို လှူသည့်အခါတွင်လည်း စေတနာပြတ်ကာ အလှူမြတ်ရန် ကြိုးစား သင့်လှ ပေ၏။ သူတော်သူမြတ်များကဲ့သို့ အလှူအပေါ်တွင် စိတ်ထားရန်မှာ မလွယ်လှသော်လည်း သူတော်စင်များပြုသည့် အလှူဒါနမျိုးကို အတုယူကာ ကြိုးစားလိုက်နာ လှူဒါန်းသင့်ကြပေ၏။
မိမိအလှူသည် အတတ်နိုင်ဆုံး သပ္ပုရိသဒါနခေါ် သူတော်ကောင်းအလှူမျိုးဖြစ်ရန် အားထုတ်သင့်လှပေ ၏။ ထိုသို့သူတော်ကောင်း အလှူဖြစ်စေရန် သပ္ပုရိသဒါန (၅)မျိုးရှိကြောင်း အင်္ဂုတ္တိုရ်ပါဠိတော်၊ သပ္ပုရိသ ဒါနသုတ်တွင် ဖွင့်ဆိုရှင်းပြထား၏။ ထိုငါးမျိုးမှာ
၁။ ဒါနနှင့် ဒါန၏အကျိုးကို ယုံကြည်၍ တစ်နည်းအားဖြင့် ရတနာသုံးပါး ကံကံ၏ အကျိုးကို ယုံကြည်၍ ပေးလှူခြင်း
၂။ အလှူခံပုဂ္ဂိုလ်ကို ရိုသေ၍လည်းကောင်း၊ အလှူဝတ္ထုကို စင်ကြယ်စေ၍လည်းကောင်း ပေးလှူခြင်း ၃။ သင့်လျော်ရာ အချိန်ကာလ၌ ပေးလှူခြင်း
၎။ အလှူခံပုဂ္ဂိုလ် အလိုရှိရာကို ချီးမြှောက်လိုသော စိတ်ဖြင့်၊ တစ်နည်းအားဖြင့် မတွန့်မဆုတ် လွတ်လွတ် ကျွတ်သော စိတ်ဖြင့် ပေးလှူခြင်း
၅။ မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတပါးကိုလည်း မနှိမ့်ချဘဲ ပေးလှူခြင်း (အံ၊ ၅၊ ပါ၊ သပ္ပုရိသသုတ်၊ နှာ၁၅၂) ဟူသော ဤငါးမျိုးပင် ဖြစ်၏။
ပညာရှိ သူတော်ကောင်းများသည် အလှူဒါန ပြုကြသည့်အခါ အထက်ပါ အချက်အလက်များနှင့် ညီညွတ်စွာ ပြုလုပ်တတ်ကြပေ၏။ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်များလည်း အလှူဒါန ပြုသည့်အခါ
ထိုအချက်များနှင့်အညီ ပြုလုပ်နိုင်လျှ င် အမှန်ပင် ပြည့်စုံကောင်းမွန်သည့် အလှူဒါန ဖြစ်နိုင်ပေ၏။ သို့သော် လက်တွေ့တွင် အလှူဒါနပြုသူများသည် ထိုအချက်များနှင့် ညီညွတ်စွာ ပြုလုပ်နိုင်ရန် မလွယ် လှသည်ကို တွေ့ရ၏။ မလွယ်ဟုဆိုသည်ထက် မလိုက်နာနိုင်ကြဟု ဆိုသည်က ပို၍သင့်လျော်ပေ၏။
အထူးသဖြင့် အလှူဝတ္ထု စင်ကြယ်ရန်၊ မတွန့်မဆုတ် လွတ်လွတ်စွန့်သော စိတ်ဖြင့် လှူဒါန်းရန်နှင့် မိမိ
ကိုယ်ကို မချီးမြှောက်၊ သူတပါးကို မနှိမ့်ချသည့် အလှူဒါနမျိုး ဖြစ်ရန်မလွယ်ကြ၊ မလိုက်နာကြသည်ကို အတော်များများ တွေ့နေရ၏။ မှန်၏။ မျက်မှောက်ခေတ် ဗုဒ္ဓဘာသာဝင် အတော်များများသည် အလှူဒါနပြုကြသည့်အခါ စိတ်စေတနာ မပြတ်ကြသည်ကို တွေ့ရတတ်၏။ အလှူ၏နောက်တွင် မျှော်လင့်ချက်များ၊ ထောင်မြင်ရာစွန့်သည့်
သဘောများ၊ ဂုဏ်တုဂုဏ်ပြိုင် သဘောများ၊ တစ်ရာဖိုးလှူပြီး တစ်ထောင်ဖိုးလောက် ဂုဏ်ဖော်လိုကြ
သည့် သဘောများ စသည်ဖြင့် မပြတ်မသား အလှူများသာ အဖြစ်များနေကြသည်ကို တွေ့ရတတ်၏။ ထို့အပြင် မိမိကိုယ်ကို အလှူဒါနဖြင့် ချီးမြှောက်ကာ မိမိသည် ဤသို့ သဒ္ဓါတရားကောင်းသူ၊ အလှူ
အတန်း ရက်ရောသူ၊ မည်၍မည်မျှ လှူနိုင်သူ စသည်ဖြင့် ဂုဏ်တင်ကာ ဝါကြွားတတ်ကြသကဲ့သို့ မိမိ လောက် မလှူနိုင်သူများ အပေါ်တွင်လည်း မထိတထိ အပြောများ၊ နှိမ့်ချသည့် သဘောများ၊ ကဲ့ရဲ့သည့် သဘောများ စသည်ဖြင့် အလှူဒါနကို အကြောင်းပြုကာ အနိုင်ယူလိုသည်များလည်း ရှိတတ်ကြ၏။
ထိုသဘောများ ရှိနေသမျှ မိမိတို့ ပြုလုပ်ကြသည့် အလှူဒါနသည် ဖြူစင်သည့် အလှူဒါနမျိုး မဖြစ်နိုင်
သကဲ့သို့ သူတော်ကောင်းများ ပြုလုပ်သည့် သပ္ပုရိသ ဒါနမျိုးလည်း မဖြစ်နိုင်ပေ။ သူတော်ကောင်းများ၏ အလှူဒါနသည် ဖြူစင်လှ၏။ မျှော်လင့်ချက်ကင်းကာ စိတ်စေတနာပြတ်သား၏။
သင့်လျော်သည့်အချိန်တွင် သင့်လျော်သည့် အလှူဝတ္ထုဖြင့် စင်ကြယ်စွာ ပေးလှူလေ့ရှိ၏။ မိမိလှူသည့် အလှူအပေါ်တွင်လည်း ဂုဏ်တုဂုဏ်ပြိုင် သဘောမျိုးမရှိ၊ ထင်ပေါ်ကျော်ကြားလိုမှု မရှိ၊ သူတပါးကို နှိမ့်ချ
လိုမှုမရှိတတ်ပေ။ မိမိအလှူကို အကြောင်းပြု၍ အလှူခံပုဂ္ဂိုလ်များ အဆင်ပြေစေရန်ကိုသာ အလေးဂရု
ပြုလေ့ရှိတတ်၏။ ထို့ကြောင့်လည်း သူတော်ကောင်းများ၏ အလှူဒါနသည် ပါရမီမြောက်ကာ အကျိုးပြီး မြောက်ခြင်း ဖြစ်ပေ၏။ အမှန်အားဖြင့် အလှူဒါနသည် နိဗ္ဗာန်ကို တိုက်ရိုက်မျက်မှောက် မပြုနိုင်သော်လည်း နိဗ္ဗာန်ကို
မျက်မှောက် ပြုနိုင်ရေး အထောက်အကူပေးသည့် ကုသိုလ်အမျိုးအစားတွင် ပါဝင်ပြီး ပါရမီတော်များတွင် ရှေးဦးစွာ ဖြည့်ကျင့်ရသည့် ပါရမီမျိုးဖြစ်ပါ၏။ မိမိတို့၏စိတ်သန္တာန်တွင် စိမ့်ဝင်နေသည့် ရယူလိုမှု လောဘ ၊ မပေးလို၊ မလှူလိုမှု မစ္ဆရိယကို ပေးကမ်းစွန့်ကြဲခြင်းဖြင့် တုကိထုတ်ပေးသည့် လက်နက်ကောင်း လည်း ဖြစ်ပါ၏။ အလှူဒါနပြုခြင်းဖြင့် မိမိ၏သန္တာန်တွင် ထိုလောဘ၊ မစ္ဆရိယများ မပေါ်စေရေး၊ လျော့နည်းစေ ရေးကို အထောက်အကူ ပေးနေမည်သာ ဖြစ်ပါ၏။ အကယ်၍ ထိုသို့မဖြစ်ဘဲ အလှူဒါနကို အကြောင်း ပြုကာ မိမိသန္တာန်တွင် လောဘ၊ မာန၊ နောင်တ စသည်များသာ ဖြစ်ပေါ်နေမည်ဆိုပါက ထိုအလှူဒါန သည် ဖြူစင်သန့်ရှင်းသည့် အလှူဒါနဖြစ်ရန် မလွယ်လှသည်ကို သတိပြု ဆင်ခြင်ရမည် ဖြစ်ပါ၏။
ဆိုလိုသည်မှာ အလှူဒါန ပြုလုပ်ရသည်ကို နှစ်သက်ကြသည့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မိမိတို့၏ အလှူဒါနများနှင့် ပတ်သက်၍ သတိပြုသင့်သည်မှာ မလှူသင့်သည့် အလှူများနှင့် လှူသည့်အခါ အလှူ အကျိုးကြီးစေမည့် အချက်များကို သိရှိလိုက်နာကာ ရှောင်သင့်သည်ကိုရှောင်ပြီး ဆောင်သင့်သည်ကို
ဆောင်ကြရမည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ အရက်ဒကာခံခြင်း၊ နိုက်ကလပ် ဒကာခံခြင်း စသည်
များသည် မလှူကောင်းသည့် အလှူ၊ မလှူသင့်သည့် အလှူမျိုးဖြစ်ကြောင်းနှင့် အလှူလှူသည့်အခါ ကံ ကံ၏အကျိုးကို အမှန်သိကာ ပြတ်သားသည့် စိတ်စေတနာဖြင့် မိမိကိုယ်ကို ချီးမြှောက်လိုသည့် သဘော
မျိုး၊ သူတပါးကို နှိမ့်ချလိုသည့် သဘောမျိုးမရှိဘဲ ဝဋ်ကင်းပြတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုစေမည့် အလှူ ဒါနမျိုး ဖြစ်အောင်သာ လှူဒါန်းသင့်ကြောင်း စသည်ဖြင့် သိစေလိုရင်း ဖြစ်ပါ၏။ အလှူဝတ္ထု အနည်း
အများသည် အရေးကြီးဘဲ လှူဒါန်းသည့်အခါ ထားရှိရမည့် စိတ်ထား၊ ပြည့်စုံရမည့် သဒ္ဓါတရားနှင့် ရွေး ချယ်ရမည့် ဒါနများသာ အရေးကြီးကြောင်း နားလည်စေလိုရင်း ဖြစ်ပါ၏။ ထို့ကြောင့် မည်သို့ပင်ဆိုစေ ရှိရင်လှူမည်၊ လှူဖို့အတွက် ရှာမည်ဟူသော ကောင်းမြတ်သည့် စိတ်ထား ဖြင့် အလှူဒါန ပြုနိုင်ရေး ကြိုးစားအားထုတ်နေကြသည့် ဒါနချစ်ခင် အလှူရှင်များ အနေဖြင့် မိမိတို့၏
အလှူဒါနများ မှန်ကန်စေရန်၊ သူတော်ကောင်းများ၏ လမ်းစဉ်နှင့် ညီညွတ်စေရန်၊ အလှူ၏ အကျိုးတရား အပြည့်အစုံ ဖြစ်ပေါ်စေရန် စသည်တို့အတွက် အလှူဒါနပြုကြသည့်အခါ ရှောင်သင့်သည်ကိုရှောင်၍
ဆောင်သင့်သည်ကို ဆောင်ကာ မှန်ကန်သည့် ယုံကြည်မှု၊ မှန်ကန်သည့် ရွေးချယ်မှု၊ ပြတ်သားသည့်
စွန့်လွှတ်မှု စသည်များဖြင့် ဝဋ်ဆင်းရဲမှ ကင်းပြတ်ရာကို အာရုံပြု၍သာ ကြိုးစားအားထုတ် ပြုလုပ်ကြပါဟု တိုက်တွန်းလိုက်ရပါသည်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) Friday, June 3, 2011